ပြည်မြန်မာလူကြီးမင်းများ တော်လာပြီ
၂၇-၉-၂၀၁၀ နေ့ သီရိလင်္ကာမှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းလေး မှတ်မိကြဦးမည် ထင်ပါသည်၊ နာဂစ်ဒဏ်ခံ မိဘမဲ့ ကလေးများဟု ခေါင်းစဉ်တပ်ပြီး ခေါ်သွားခံရတဲ့ ကိုရင်လေးတွေ၊ သီလရှင်လေးတွေကို သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ်အကုန်ကျခံသည်၊ သိမ်းဆည်းခံထားရသော ပတ်စပို့တွေကို ရအောင်ယူပေးသည်။ ဤနည်းဖြင့် သီရိလင်္ကာရောက် ကိုရင်၊ သီလရှင်လေးများကို ကယ်တင်ခဲ့ဖူးသည်။ ဒီလင့်ကလေးကိုကြည်လိုက်ရင် သတင်းအပြည့်စုံ ရမည်။
အဲဒီအချိန်က ၀န်ကြီးဌာနတွေကို သက်ဆိုင်ရာမှ အကြောင်းကြားသော်လည်း ၀န်ကြီးဌာနများက သူတို့ဌာနနှင့် မဆိုင်ကြောင်း၊ ဟိုဘက်ပုတ်ချ၊ ဒီဘက်လွဲချနဲ့ အချိန်ကြာမြင့်ခဲ့သည်၊ တချို့ဌာနတွေကဆို “သူတို့ဌာနက ရေ မျှော ကမ်းတင်သူများကိုသာ တာဝန်ရှိသည်၊ ဒီကိစ္စမှာ တာဝန်မရှိ”ဟု မျက်နှာလွဲ ခဲပစ် လုပ်ခဲ့ကြဖူးသည်။ နောက်ဆုံး ဘယ်သူမှ တာဝန်မယူရင် သီတဂူဆရာတော် တာဝန်ယူမည်ဟု ဆုံးဖြတ်ကာ သီရိလင်္ကာ မြန်မာသံအမတ် အကူညီဖြင့် အောင်မြင်ခဲ့ဖူးသည်။
(Eleven Media Group မှ မလေးရှားအတွက် အလှူခံငွေများ သွားရောက်လှူဒါန်းစဉ်)
မလေးရှားအတွက် လှူဒါန်းရန်
ယခုတစ်ခါ ၂၆-၆-၂၀၁၃နေ့မှာ မလေးရှားရောက် မြန်မာပြည်သူ ပြည်သားများကို အကူအညီပေးရန် သီတဂူဆရာတော်ကြီး ကြွသွားအုန်းမည်ဟု Eleven Media Group သတင်းအရ သိရသည်။
မလေးရှားတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသားများ အတွက် ထပ်မံလှူဒါန်းလိုသူများ အနေဖြင့် သီတဂူဆရာတော်နှင့် သီတဂူ သာသနာပြုအဖွဲ့ (ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး)ဖုန်း - ၀၉၅၁၀၃၉၁၃၊ ဒေါက်တာကျော်ဝင်း ဖုန်း - ၀၁-၅၀၁၇၁၅)ထံ ဆက်သွယ်လှူဒါန်းနိုင်သလို Eleven Media Group သို့ ထပ်မံ လာရောက်လှူဒါန်းမှုများ အားလည်း သီတဂူဆရာတော်နှင့် သီတဂူ သာသနာပြုအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Eleven Media Group)
မြန်မာလူကြီးမင်းများ တော်လာ
အစိုးရအသစ်တက်လာပြီး နောက်ပိုင်း မလေးရှားအရေးနှင့် ပက်သက်ပြီး ပြည်ပရောက် ကိုယ့်မြန်မာပြည်သူ ပြည်သားတွေကို ကြည့်တတ်လာသည်၊ စဉ်းစားပေးလာသည်၊ အကူညီတွေ ပေးလာသည်ကို တွေ့ရသဖြင့် အလွန့်အလွန် ၀မ်းသာမိသည်။ ပြည်သူတွေရဲ့ အခက်အခဲကို အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် အစိုးရအနေနဲ့ပါ ပူးပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးနေကြသည်ကို ကြားမိတော့ ဟိုးးးးလွန်ခဲ့တဲ့ သီရိလင်္ကာ အဖြစ်ပျက်လေးကို သွားသတိရမိသည်။“မြန်မာလူကြီးမင်းများ တော်လာသည်”ဟု မြန်မာပြည်သားတစ်ယောက်အနေဖြင့် ခံစားမိသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၁-၆-၂၀၁၃