Quantcast
Channel: သီတဂူစတား
Viewing all articles
Browse latest Browse all 413

သီတဂူဆရာတော် RFA ကနေ မိန့်သော သမ္မတအမြင်၊ နိုင်ငံရေးအမြင်

$
0
0
သီတဂူဆရာတော် RFA ကနေ မိန့်သော သမ္မတအမြင်၊ နိုင်ငံရေးအမြင်
--------------------------------------------------------

၁။ RFA အမေး= အင်တာနက်ပေါ်မှာ ဆရာတော်ကြီးနှင့်ပက်သက်ပြီး မန္တလေး သံဃာ့ညီလာခံမှာ “ဆရာတော်ကြီးက သမ္မတကြီး ဦးသိန်းစိန်ကိုပဲ မဲပေးကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးကြဖို့ မိန့်ခဲ့တယ်”ဆိုပြီး ကောလာဟလတွေ ပျံ့နှံ့နေတယ်ဘုရား၊ အဲဒါဆရာတော်ကြီးအနေနဲ့ ဘယ်လိုမိန့်ကြားချင်ပါလဲဘုရား သိချင်ပါတယ်ဘုရား။

သီတဂူဆရာတော် အဖြေ=သံဃာ ၃သောင်းတက်သည့် အစည်းအဝေးကြီးမှာ ရခိုင်ဆရာတော်တစ်ပါးက တက်ပြီးတော့ ပြောသွားတာ။ “သီတဂူဆရာတော်က သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်၍ မဲပေးကြပါစို့လို့” ပြောတယ်ဆိုပြီးတော့ အဲဒီဘုန်းကြီးတစ်ပါးက ပြောသွားတာ။ အဲဒီကနေ ပျံ့ထွက်သွားတဲ့ အဓိပ္ပါယ်ပဲ။ အလွတ်သဘော ၀ိုင်းပြီး ထိုင်းပြီးတော့ ဟိုပြော ဒီပြော တစ်ယောက် တစ်ယာက် စကားပြောတဲ့ နေရာတွေမှာတော့ “ဟေ့-ကြံ့ခိုင်ဖွံ့ဖြိုးရေးက အခြေခံဥပဒေကို မပြင်ဘူး၊ ဒီအတိုင်းပဲ သွားမယ်ဆိုရင်တော့ ဒီသမ္မတကြီးနဲ့ပဲ ဒို့သွားရမှာပဲ။ အခြေခံဥပဒေ ပြင်နိုင်ရင်တော့ ဒို့ သမ္မတ အသစ်ရမှာပဲ။ မပြင်ဘူးဆိုရင်တော့ ဒို့က သမ္မတကြီး ဦးသိန်းစိန်ကို အားပေးသွားရမှာကောင်းတယ်။ ပြင်လိုက်နိုင်ရင်တော့ သမ္မတ အသစ်နဲ့ သွားရမှာပေါ့။ သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့ အလားအလာရှိတယ် စသည်ဖြင့် အလွတ်သဘောတွေ ၀ိုင်းပြီးတော့ပြောကြတာ၊ အဲဒီအထဲက စကားလုံးလေး တစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူရှိတဲ့၊ သူ့မှာခံစားချက်ရှိမှာပေါ့၊ သူကတော့ ဘုန်းကြီးကို အသုံးချပြီးတော့ ပြောသွားတာ (ရယ်လျက်)။ အဲဒီဟာ ပျံ့ကျယ်သွားတာပါ။ ဘုန်းကြီးအတွက်တော့ ဘာမှ အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။

၂။ RFA အမေး=တင်ပါးဘုရား။ ဆရာတော်ကြီးအနေနဲ့ပေါ့ဘုရား၊ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်နဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများခွဲခြားပြီးတော့ သဘောထားရှိတယ်ဆိုတာ သိပါရစေဘုရား။

သီတဂူဆရာတော် အဖြေ=ဒို့က ရဟန်းတော်တစ်ပါးအနေနဲ့ ဒီအချိန်မှာ ဒါတွေ ပြောဖို့ မသင့်တော်ဘူးထင်ပါတယ်။ မေတ္တာတရားအနေနဲ့က အကုန်လုံး ချစ်စရာကောင်းတဲ့သူတွေ တညီတည်း သက်မှတ်ထားပါတယ်။ Political stand point ကတော့ ဒို့ ဘာမှ မပြောလိုပါဘူး။

၃။ RFA အမေး=တင်ပါးဘုရား။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်လာပြီးတဲ့ နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရဲ့ကောင်းရာ ကောင်းကျိုးတွေကို တူတာတွေ တွဲလုပ်မယ်လို့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အကြိမ်ကြိမ်တွေ့စုံပြီးတော့ လုပ်လာတဲ့နောက်ပိုင်းမှာ တိုးတက်မှုတွေနဲ့ ပက်သက်ပြီးတော့ ဆရာတော်ကြီးအနေနဲ့ အားရ ကျေနပ်မိသလား၊ ဘယ်လိုများ ခြုံငုံသုံးသပ်လို့ ရပါသလဲဘုရား။

သီတဂူဆရာတော် အဖြေ=အလွန်တိုတောင်းတဲ့ အချိန်အခါ ကာလလေးအတွင်းမှာ အကြပ်အတည်းပေါင်းမြောက်များစွာရှိနေတဲ့ နိုင်ငံတစ်ခု၊ ဒီ အတိုက်ခံလို့ ခေါ်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်ရှိ အစိုးရအဖွဲ့ တင်မြှောက်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တို့ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် သမ္မကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံတော်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရက်ကလေးတိုတိုအတွင်းမှာ ဒီလောက် အကြပ်အတည်းတွေတွေ့နေတဲ့ နိုင်ငံတော်အတွက် ရလာတဲ့ ရလာဒ်တွေဟာ အလွန်အံ့သြစရာကောင်းတဲ့ ရလာဒ်တွေ ဖြစ်တယ်။ အဲဒီအလွန် အံ့သြစရာကောင်းတဲ့ အားရစရာကောင်းတဲ့ ရလာဒ်တွေ ဆုံးရှုံးမသွားအောင် ဆက်လက်ပြီးတော့ ဒို့ပြောနေကြအတိုင်းပဲ ညောင်ပင်မှာ မျောက်ရယ်၊ ဆင်ရယ် ခါလေးရယ် နေကြတဲ့ ဇာတ်လိုမျိုး အချင်းချင်း အပြန်အလှန် နားလည်ပြီး၊ (Mutual Understanding, Mutual respect) အပြန်အလှန် နားလည်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ချစ်ချစ်ခင်ခင် ဆက်လုပ်သွားမယ်ဆိုလျှင် အဲဒီထက် အားရစရာကောင်းတဲ့ အနေအထားကိုရောက်သွားနိုင်တယ်လို့ ငါကတော့ ပြောပါတယ်။

၎။ RFA အမေး=တင်ပါးဘုရား။ ဆရာတော်ကြီးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သမ္မတကြီးဦးသိန်းစိန်နဲ့ပါ ရံဖန်ရံခါ တွေ့ဆုံမှုရှိတယ်ဆိုတာလည်း တပည့်တော်တို့ သိရပါတယ်ဘုရား။ ဒီလိုတွေ့ဆုံတဲ့အခါ ဆရာတော်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေ၊ သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေ ဘယ်လိုတွေများ သြ၀ါဒတွေ ပေးခဲ့တာ ရှိပါသလဲဘုရား။

သီတဂူဆရာတော် အဖြေ=အကုန်လုံးကိုပဲ နိုင်ငံတော်ရဲ့ အကျိုးကျေးဇူး၊ နိုင်ငံတော်ကြီးပွားရေး လုပ်ကိုင်ဆောင်ရွက်ကြတဲ့ နေရာမှာ သဘောမတူညီနိုင်တဲ့အရာတွေ ရှိလင့်ကစား သဘောတူညီနိုင်တဲ့ အချက်တွေ အများကြီးရှိလိမ့်မယ်။ မတူညီတဲ့ အပေါ်မှာ ငြင်းခုံမနေကြဘဲ တူညီတဲ့အပေါ်မှာ လက်တွဲလမ်းလျှောက်ဖို့ Common Platform အဲဒီအပေါ်မှာ လက်တွဲလမ်းလျှောက်။ ဥပမာ- မြစ်တစ်ခုကို တံတားတစ်ခုမဆောက်ဘူးဆိုရင် ဖြတ်ကူးစရာ တစ်ဖက်ကမ်းမှာနေတဲ့သူတွေနဲ့ ဒီဖက်ကမ်းမှာနေတဲ့ သူတွေ စုံတွေ့စရာ အကြောင်းမရှိဘူး၊ဆောက်လိုက်နိုင်တာနဲ့ပဲ ကမ်းနှစ်ဖက်ကလူတွေ မဝေးတော့ဘူး တစ်ပေါင်းတည်းဖြစ်သွားတာ။ ဟိုဘက်ကမ်းက ဒီဘက်ကမ်းကို လျှောက်လာတဲ့ လူသည် ဒီဖက်ကမ်းက ဟိုဘက်ကမ်းကို လျှောက်သွားတဲ့လူနဲ့ ဒီတံတားပေါ်မှာ မဆုံဘဲ ဖြစ်လို့ကို မရဘူး၊ မဆုံဘဲ လျှောင်လို့ကို မရဘူး၊ တွေ့ကို တွေ့ရမယ်၊ Meeting Point ဟာ တံတားရဲ့ အလယ်ခေါင် တံတားပေါ်တစ်နေရာမှာ ရှိတယ်။ အဲဒီတော့ မတူညီသော ပါတီနှစ်ခုပဲဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် အားလုံး Bridge တစ်ခုပေါ့လေ၊ common bridge ဆောက်လိုက်နိုင်ကြမယ်ဆိုရင် အကုန်လုံးက တံတားပေါ်မှာ ဆုံသွားကြမှာပါလို့ ငါကတော့ အဲဒီပေါ်လစီ အဲဒီမူဝါဒ၊ အတွေးအခေါ်တွေကိုတော့ လူသားတိုင်းကို ဖြန့်ချီလျက်ရှိတယ်။ နိုင်ငံ့ခေါင်းဆောင် အားလုံးကိုလည်း အမြဲတမ်း ဒါပဲ တိုက်တွန်းပါတယ်။

၅။ RFA အမေး=ဆရာတော်ကြီး မိန့်ရှိသွားသလို ၂၀၁၅ ရွေးကောက်ပွဲအတွက်ပေါ့၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာဘူးပေါ့ဘုရား။ ဖြစ်မလာတဲ့အခါ နိုင်ငံရဲ့ ရှေ့ဆက်သွားမည့် အနာဂတ်က ဖွံ့ဖြိုးမှုတွေ တိုးတက်မှုတွေ ပိုပြီးတော့ နှေးကွေးသွားမယ်လို့ ထင်လားဘုရား။ တစ်ဖက်မှာလည်း သမ္မတကြီး ဦးသိန်းစိန် ဆက်ပြီး အုပ်ချုပ်သွားလို့ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်သွားမလဲ၊ ဆရာတော်ကြီးတို့ အခုဆောင်ရွက်နေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအပိုင်းနဲ့ ပက်သက်ပြီးတော့ ဘယ်သူသမ္မတဖြစ်လျှင် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဆရာတော်ကြိး မျှော်မှန်းမိပါသလဲဘုရား။

သီတဂူဆရာတော် အဖြေ=ငါကတော့ ဘယ်သူက ပိုပြီးတော့ စွမ်းဆောင်နိုင်လိမ့်မယ်လို့ဆိုတဲ့ စကား ငါကတော့ မပြောချင်ဘူး။ ဒီသမ္မတကြီး ဦးသိန်းစိန်က အခြေခံဥပဒေတွေကို မပြင်နိုင်ရင်တော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သွားမှာပဲ၊ ဦးဆောင်သွားလို့ရှိရင် တစ်ကမ္ဘာလုံးက သူ့ကို အလေးအနက် respect ပေးထားတဲ့ အနေအထားက ဒီကနေ့ ဒို့နိုင်ငံက အများကြီး ရထားတယ်။ အဲဒီတော့ အခြေခံဥပဒေကို မပြင်နိုင်ရင်၊ ပြင်လို့ မရဘူးဆိုရင် သမ္မတကြီး ဦးသိန်းစိန်ဟာ လက်ရှိအနေအထားအရ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအများကြီးပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဒို့က ဒီတိုင်းမြင်ထားတယ်။ အခြေခံဥပဒေကို မြင်နိုင်လို့ရှိရင် သမ္မတကြီးဦးသိန်းစိန် နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်လာဖို့ အလားလာကတော့ ရာခိုင်နှုန်းအပြည့်လောက် ရှိနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်လာရင်လည်းပဲ သမ္မတကြီး ဦးသိန်းစိန် ဆောင်ရွက်သလို နိုင်ငံတော်အကျိုးစီးပွားတွေကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့၊ အဲဒါတော့ မြင်ထားတယ်။ International respect, International relationship မှာ ဒေါ်အောင်ဆန်းစုကြည်က အများကြီးရထားတဲ့ ပုဂ္ဂိုလ်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဖြစ်ဖို့ရာ အရည်အချင်းရော စွမ်းရည်သတ္တိရော ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဒို့ကရွေးထားပါတယ်။

၆။ RFA အမေး=
တင်ပါးဘုရား၊ များမကြာမီ လာမည့် ၂၀၁၅ခုနှစ်ဆိုရင် ပြည်သူတွေ မဲပေးရတော့မယ်၊ ဒီနိုင်ငံရဲ့ အနာဂတ်နဲ့ပက်သက်ပြီးတော့ မဲပေးကြမဲ့ မြန်မာနိုင်ငံ ပြည်သူလူထုကို ဆရာတော်ကြီးအနေနဲ့ သြ၀ါဒပေးမယ်ဆိုရင် ဘယ်လိုသြ၀ါဒမျိုး ပေးချင်ပါလဲဘုရား။

သီတဂူဆရာတော် အဖြေ= မြန်မာပြည်သူလူထု တစ်ရပ်လုံးကို လူမျိုးစုပေါင်း တစ်ရာကျော် စုဝေးနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးကို ဒို့ အလေးအနက် ပြောချင်တာတစ်ခုကတော့ လက်နက်ကိုင်လမ်းစဉ် အကုန်လုံး စွန့်လွတ်ကြပြီးတော့ သည်းခံခြင်းပေါင်းများစွာနဲ့ ခွင့်လွတ်ခြင်းပေါင်းများစွာနဲ့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မေ့ပျောက်ခြင်းပေါင်းများစွာနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို အလေးအနက် တည်ဆောက်နိုင်မှ ဘယ်သမ္မတတက်တက် ဘယ်ခေါင်းဆောင်တက်တက် နိုင်ငံတော်အတွက် ဖွံ့ဖြိုးမှု လုပ်နိုင်မှာဖြစ်တယ်၊ ငြိမ်းချးမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုရင် ညီညွတ်ရေးကို မတည်ဆောက်နိုင်ဘူးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပဲ တက်တက် ဦးသိန်းစိန်ပဲလာလာ ဦးရွှေမန်းပဲလာလာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်မည့် ပိုက်ဆံတွေဟာ သေနက် ကျည်ဆန်တွေအတွက်နဲ့ပဲ အချိန်ကုန်မှာပဲ၊ နိုင်ငံတော်အတွက် အလုပ်လုပ်မဲ့သူတွေက တိုက်ပွဲမှာ သေဆုံးပြီးတော့ အများကြီးဝမ်းနဲစရာတွေ ဖြစ်ကုန်မယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို ဦးစားပေ၍ ရှေးတုန်းကးတည်ဆောက်ဖို့ ဆိုတာကိုတော့ ဒို့များ အလေးအနက် တမျိုးသားလုံးကို တိုက်တွန်းချင်ပါတယ်။

မှတ်ချက်။ ။ RFAက သီတဂူဆရာတော်ကြီးအား မေးလျှောက်ထားခြင်းနှင့် ဆရာတော်ကြီးက မိန့်ကြားသော အသံဖိုင်ကို စာအဖြစ်ဖန်တီးပါသည်။ စာကျန်၊ စားလုံးအမှားပါကောင်းပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၁-၂၀၁၅
www.sitagustar2020.net

Viewing all articles
Browse latest Browse all 413

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>