သမီးလေးပဲ ဖြစ်ဖြစ် သားလေးပဲ ဖြစ်ဖြစ်
(သီတဂူစတား၏ အတိုအထွာ မှတ်စု)
(သီတဂူစတား၏ အတိုအထွာ မှတ်စု)
တချို့နိုင်ငံတွေမှာ တချို့လူတွေ သားယောက်ျားလေးကိုပဲ မျော်လင့်ကြသည်၊ သမီးကလေးဟု သိသွားတဲ့နေ့သည် သူတို့အတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်သည့် နေ့ဖြစ်သလို၊ အမိဝမ်းထဲက သမီးလေးလဲ ကံဆိုးရှာသွားရသည်။ ရူးရူးမိုက်မိုက် မိခင်၊ ဖခင်တွေလဲ များစွာ တွေ့ရသည်၊ မွေးလာသည့် ရင်သွေးသည် ကိုယ့်ရဲ့ ရင်သွေး၊ ကိုယ့်သွေး ကိုယ့်သားဖြစ်သည့်အတွက် သူတို့အပေါ်ထားသည့် မိဘမေတ္တာသည် တစ်ညီတည်း ဖြစ်နေရမည်။ အဖြစ်အပျက်များစွားထဲက လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀၀ကထဲက အဖြစ်ပျက်လေးတစ်ခု ရှိခဲ့ဖူးသည်။
ဂုဏ်သရေရှိ အဆင့်တန်းရှိ မိဖုရားတွေကြားမှာ ချစ်လွန်းလို့ ယူထားတဲ့ ပန်းသည်မ မိဖုရားလေး မျက်နှာပန်းလှအောင်၊ ၀ံ့ဝံ့ကြွားကြွားနေနိုင်အောင် သားယောက်ျားလေး မွေးဖွားလိုသည်။ သူမသာ သားယောက်ျားလေးမွေးရင် အားလုံးက တပြည်လုံးက ၀ိုင်းပြီး ဂုဏ်ပြုကြမည်။သို့သော် သူစိတ်ကူးထားသလို ဖြစ်မလာ။
တခါက ကောသလမင်းကြီး ဘုရားရှင်နဲ့ စကားပြောနေစဉ် လူယုံတော်တစ်ယောက်က မင်းကြီး၏နားကပ်ပြီး “အရှင်မင်းမြတ် အချစ်ကလေး မလ္လိကာ သမီးတော်လေး မွေးဖွား”ပါကြောင်း လျှောက်ထားတော့ ဘုရင်ကြီး မျက်နှာပျက်သွားသည်။ သူလိုချင်တာက သားယောက်ျားလေး၊ အခု ချစ်ဇနီးက ပေးတာက သမီးမိန်းကလေး။
ဘုရားရှင်က ထိုအခြင်းအရာကို သိသဖြင့်--
“ မင်းကြီး ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့၊ လောကမှာ တချို့ အမျိုးသမီးတွေက တချို့ ယောက်ျားတွေထက် များစွာ သာလွန်လှပါတယ်၊ တချို့သော ယောက်ျားတွေထက် အသိပညာရှိတယ်၊ ကိုယ်ကျင့်တရားအားဖြင့်လည်း သာလွန်တယ်၊ ယောက္ခမအပေါ် သိတတ်မှုကလဲ များစွာ သာလွန်းလှပါတယ်” ဒါ့ပြင်--
“အမျိုးသမီးတွေက တိုင်းပြည်အတွက် ကာကွယ်စောင့်ရှောက်မည့် သူရဲကောင်းတွေကိုလည်း မွေးထုတ်ပေးတယ်၊ တိုင်းပြည်၏အဓိပတိ ခေါင်းဆောင်များကိုလည်း မွေးထုတ်ပေးနိုင်တယ်၊ ဒီလို လှပပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးကောင်းကို တိုင်းပြည်အတွက် ကျွေးမွေး စောင့်ရှောက်သင့်တယ်” ဟု အမိန့်ရှိတော့မှ သမီးမိန်းကလေးကိုလည်း ဘုရင်ကြီး ချစ်တတ်သွားသည်။
သားယောက်ျားပဲ မွေးမွေး သမီးလေးပဲ မွေးမွေး တိုင်းပြည်အတွက် အလုပ်လုပ်မည့်သူတွေ၊ တိုင်းပြည်အတွက် မျိုးဆက်သစ်လေးတွေ ဖြစ်သည့်အတွက် ကျွေးမွေး စောင့်ရှောက်ရမည် ဖြစ်သည်။
(အတိုအထွာ မှတ်စု။)
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၄-၀၁-၂၀၁၃